
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရန်ကုန်တိုင်းအတွင်း ကျောင်းနှင့် ရုပ်ရှင်ရုံများ ပိတ်မည်ဆိုသည့် သတင်းမှာ ကောလာဟလသာဖြစ်ပြီး ရန်ကုန်သင်္ကြန်ပြုလုပ်ခြင်း ရှိ မရှိ အတိအကျ မထုတ်ပြန်ရသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောကြားသည်။
“ကျောင်းတွေ ရုပ်ရှင်ရုံတွေပိတ်မယ် ဆိုတာကလလည်း ကောလာဟလ အတိုင်းသာ သဘောထားရမယ်။ ရန်ကုန်တိုင်းမှာ ယနေ့အထိ ဒါတွေတရားဝင် ထုတ်ပြန်ချက် မရှိသေးဘူးဆိုတာ ပြောချင်ပါတယ်။ သင်္ကြန်အတွက်ကိုလည်း ဆုံးဖြတ်ချက် မချသေးဘူး။ လျှောက်ထားမူကို စည်ပင်အနေနဲ့ လက်ခံထားပေးတယ်။ ကျန်တာဘာမှ ထွေထွေထူးထူး မရှိပါဘူး။ ဒီကိစ္စက ထိန်ချန်ထားလို့ရတဲ့ ကိစ္စမဟုတ်ဘူး” ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောကြားသည်။
ထို့ပြင် လူမူကွန်ယက် စာမျက်နှာများတွင် ကိုရိုနာဗိုင်းရပ်စ်အား ကြိုတင်ကာကွယ်မူ အနေဖြင့် ကျောင်းများ ရုပ်ရှင်ရုံများကို ခေတ္တပိတ်ထားမည်ဆိုသည့် သတင်းများသည် ကောလာဟလသာဖြစ်ကြောင်း ဝန်ကြီးက ပြောကြားသည်။
“လောလောဆယ် ရန်ကုန်မှာ သင်္ကြန်လုပ်မယ် မလုပ်မယ် ဆိုတာကို အတိအကျ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ ဒါပေမယ့် မဏ္ဍာပ်ဆောက်ဖို့ လာလျှောက်ထားတာတွေရှိတယ်။ ဒီနေ့အထိတော့ အစိုးရအဖွဲ့ကတော့ ချပေးတာ တစ်ခုမှ မရှိသေးဘူး။ လာလျှောက်တာရှိတယ်။ ဘယ်နှစ်ခုရှိတယ် ဆိုတာတော့ မမေးထားမိဘူး” ဟု ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောကြားသည်။
All Credits go to Eleven Media News